Local News

မတ်ပဲ၊ ပဲစင်းငုံနီ စျေးကွက် ထပ်မံကျဆင်းလာပြီး စားတော်ပဲကလည်းစျေးကျလာပါတယ်။ နှမ်းမျိုးစုံ ကတော့စျေးပြန်တက်လာ

Last Updated:

မတ်ပဲစျေးကွက် 

မတ်ပဲကတော့ ဒီတစ်ပတ် ပို့ကုန်ရငွေ အပြောင်းအလဲ နဲ့ အိန္ဒိယနိုင်ငံက မူဝါဒတွေဂယက်ကြောင့် စျေးကွက်  အကျဘက်ကို ရောက်လာခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ပဲတင်သွင်းမှုနဲ့ပတ်သက်လို့ မူဝါဒပိုင်းနဲ့ပတ်သက်ပြီး ကန့်သတ်နိုင်တယ်ဆိုတဲ့ သတင်းတွေအပြင် အိန္ဒိယနိုင်ငံက မတ်ပဲအဝယ်လည်းအေးသွားတဲ့အတွက် မတ်ပဲစျေးက လတ်တလောမှာ ကျဆင်းပြီး အရောင်းအဝယ်ပါ အေးနေတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း အိန္ဒိယနိုင်ငံက မတ်ပဲလိုအပ်ချက်ရှိနေလို့ မြန်မာ့မတ်ပဲစျေးက ၉၀၀၀၀ အောက်ကို ကျဆင်းနိုင်မယ့် အခြေအနေမရှိပါဘူး။ တစ်ပတ်အတွင်း  ရန်ကုန်ဘုရင့်နောင်မှာ မတ်ပဲ FAQ တစ်တန်ကို ၃၀၂၀၀၀၀   ကျပ်ရှိပြီး ဖေဖော်ဝါရီလ တတိယအပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၁၆၈၀၀၀  လောက် ဈေးကျခဲ့ပါတယ်။ မန္တလေးစျေးကွက်မှာလည်း  ပိဿာ ၆၀ တစ်အိတ်ကို ၂၈၀၀၀၀   ကျပ်စျေးပေါက်လို့  ပြီးခဲ့တဲ့အပတ်ကထက်  ၅၀၀၀ ကျပ် ဈေးထပ်ကျလာတာတွေ့ရပါတယ်။ 

နယ်ကုန်စည်ဒိုင်တွေမှာလည်း ပြီးခဲ့တဲ့အပတ်က မတ်ပဲတစ်တင်းကို  ၁၀၀၈၀၀ ကျပ်အထိရှိခဲ့ပေမယ့် ခုတပတ်မှာတော့ ၉၇၃၀၀ ကျပ် အထိ ပြန်ကျသွားပါတယ်။ 

 

ပဲစင်းငုံနီစျေးကွက် 

ပဲစင်းငုံနီကလည်း ဒီတစ်ပတ်ပြည်တွင်းပဲမျိုးစုံစျေးကွက်မှာ စျေးတွေထပ်မံကျဆင်းလာနေတာ တွေ့ရပါတယ်။ အဓိကပဲစင်းငုံကို ဝယ်ယူတဲ့ အိန္ဒိယနိုင်ငံက ပဲစင်းငုံတင်သွင်းနေတဲ့စျေးကအမြင့်စျေးတွေဖြစ်နေတာကြောင့် စျေးကိုသတ်မှတ်နူန်းထက်ပိုမဝယ်ဖို့ မူဝါဒနဲ့ကန့်သတ်ဖို့ လုပ်နေတယ်ဆိုတဲ့သတင်းကြောင့် စျေးတွေတအိအိကျဆင်းလာနေတာဖြစ်ပါတယ်။ ပဲစင်းငုံက ပြည်တွင်းမှာ လက်ကျန် ပမာဏလည်း သိပ်မကျန်တော့ပေမယ့် ပဲအသစ်တွေဝင်ရောက်နေဆဲဖြစ်ကာ အိန္ဒိယကအဝယ်အေးနေလို့ စျေးအေးနေပါတယ်။  

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ၃၇၄၇၀၀၀ ကျပ်ရှိပြီး    အရင်အပတ်နဲ့ယှဉ်ရင် ၂၁၈၀၀၀ ကျပ် ဈေးထပ်ကျလာတာဖြစ်ပါတယ်။ အလားတူ မန္တလေးစျေးကွက်မှာလည်း ပိဿာ ၆၀ တစ်အိတ်ကို ၃၆၂၀၀၀ မှ ၃၆၃၀၀၀ ကျပ်   စျေးပေါက်လာပြီး ပြီးခဲ့တဲ့အပတ်ကထက် တစ်အိတ်ကို ၁၅၀၀၀ ကျပ်လောက် ဈေးထပ်ကျလာတာဖြစ်ပါတယ်။ 

စားတော်ပဲစျေးကွက် 

စားတော်ပဲကလည်း အခြားသော ပဲတွေနည်းတူ စျေးကျလာတာတွေ့ရပါတယ်။ စားတော်ပဲက ပြည်တွင်းစားသုံးမှုသာအဓိကဖြစ်ပြီး ပြည်တွင်းဝယ်လိုအား၊ စားသုံးမှုနဲ့ ကုန်သည်တွေရဲ့ စျေးကစားမှုအပေါ်လိုက်ပြီး စျေးကအတက်အကျ ရှိနေတာဖြစ်ပါတယ်။ 

မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ (ကနေဒါ) ၅၉.၂၅ ပိဿာကို ၂၄၁၀၀၀ ကျပ် စျေးပေါက်ပြီး အရင်တပတ်ကထက် ၄၀၀၀ ကျပ်စျေးကျသလို  ပြည်တွင်းထွက် စားတော်ပဲ (ကျွန်း) က ၃၃၀၀၀၀ ကျပ်စျေးရှိပြီး  ၅၀၀၀ ကျပ် ကျလာပါတယ်။ ရန်ကုန်စျေးကွက်မှာ အရင်အပတ်ကအတိုင်း  တစ်ပိဿာကို ၅၅၀၀ မှ ၆၁၇၀ ကျပ် ရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ် ဈေးကျလာပါတယ်။  

နှမ်းစျေးကွက် 

အရင်အပတ်က အကျပြခဲ့တဲ့  ပြည်တွင်း နှမ်းမျိုးစုံစျေးကွက်က   မန္တလေးစျေးကွက်မှာ နှမ်းနက်စမုံအပါအဝင် နှမ်းမျိုးစုံစျေးတွေပြန် တက်လာပါတယ်။ တရုတ်ကဝယ်လိုအားရှိတာကြောင့် မန္တလေးစျေးကွက်မှာ လက်ကျန်နှမ်းတွေအရောင်းအဝယ်သွက်လာပြီး စျေးပြန်တက်လာတာဖြစ်ပါတယ်။ မန္တလေး ကုန်စည်စျေးကွက်မှာ နှမ်းနက် စမုံက ၄၅ ပိဿာကို ၃၇၀၀၀၀ မှ ၄၃၅၀၀၀ ကျပ်၊ နှမ်းဖြူဂျပန်က ၄၁၀၀၀၀ မှ ၄၂၀၀၀၀ ကျပ်၊ နှမ်းဖြူရိုးရိုးက ၃၆၀၀၀၀ မှ ၃၇၅၀၀၀ ကျပ်၊ နှမ်းညိုက ၃၁၀၀၀၀ မှ ၃၂၀၀၀၀ ကျပ် စျေးပေါက်လို့  တစ်အိတ်ကို ၁၀၀၀၀ မှ ၅၀၀၀၀ ကျပ်နူန်း အထိစျေးမြင့်တက်လာတာဖြစ် ပါတယ်။  

Source: Awba

Category: Local News