ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇန်နဝါရီလအတွင်း ပိန်းဥပိဿာချိန်အများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ ကုန်စိမ်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်အေးမော်က ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တစ်လအတွင်းက ပိန်းဥပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်ထိ တစ်လအတွင်း ပိန်းဥပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ဇန်နဝါရီလအတွင်း ပိန်းဥ ပိဿာချိန် ၇၅၀၀၀ ထိ ရန်ကုန်ဈေးကွက်ထဲကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ပန်းတနော်မြို့နယ်က တင်ပို့ခဲ့တဲ့ ပိန်းဥတွေက အရည်အသွေးလဲ ကောင်းမွန်ပါတယ်။ ပန်းတနော်မြို့နယ်ကနေ ထွက်ရှိတဲ့ လယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲ အများဆုံး တင်ပို့ရောင်းချနေပါတယ်။ အဲဒီဒေသထွက် ပိန်းဥတွေကို ရန်ကုန်ဈေးကွက်မှ ကုန်သည်တွေက ဝယ်ယူမှုများပြားနေလို့ အရောင်းအဝယ်ကောင်းခဲ့တာ ဖြစ်ပါတယ်။ ပန်းတနော်မြို့နယ်ကနေထွက်ရှိတဲ့ ဒေသထွက် ပိန်းဥတွေကို ရန်ကုန်ဈေးကွက်အပြင် အခြားဒေသများကိုပါ တင်ပို့ရောင်းချနေပါတယ်” ဟု သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တင်ပို့ရောင်းချခဲ့သည့် ပိန်းဥ ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း၊ အဆိုပါ ပိန်းဥများ အရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်များ အလုပ်အကိုင် အခွင့်အလမ်း ရရှိလျက်ရှိကြောင်း သိရှိရသည်။
Source: ရတနာပုံသတင်းစာ