Local News

မြင်းခြံမြို့နယ်၌ ဆေးရွက်ကြီးစိုက်ခင်းများ စတင်ရိတ်သိမ်း

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများသည် ဧရာဝတီ မြစ်ရေဝင် မြစ်ရိုးတစ်လျှောက် သဲနုန်းမြေ အမျိုးအစားဖြစ်သည့် ကိုင်းကျွန်းမြေများတွင် ဖူးစား ပြောင်း၊ CP ပြောင်း၊ ငရုတ်၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် ဆေးရွက်ကြီးကို လည်း အဓိကထားစိုက်ပျိုးကြကြောင်း သိရသည်။ ဆေးရွက်ကြီးကို အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလ၊ တတိယပတ်မှစတင်၍ ခူးဆွတ်ရိတ်သိမ်းလျက်ရှိရာ မတ်လအထိ ၂ လခန့်အကြာ ခူးဆွတ်ရိတ်သိမ်း သွားမည်ဖြစ်ကြောင်း၊ ဆေးရွက်ကြီး ပျိုးပင်တစ်ပင်လျှင် ငွေကျပ် ၁၈-၂၀ ကျပ်နှုန်းဖြင့် ဝယ်ယူ၍ တစ်ဧကလျှင် ပျိုးပင်စုစုပေါင်း ၅,၅၀၀-၆,၀၀၀ ပင်ခန့်  ဝင်ဆံ့စိုက်ပျိုးရကြောင်း၊ ပင်ခြားတန်းခြား ၂ ပေထား၍ ရေသွင်းစနစ်ဖြင့် အတန်းလိုက်စိုက်ပျိုးရပြီး မြေပြုပြင်ခြင်း၊ သွင်းအားစု၊ ပျိုးပင်၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ၂၅ သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ပျမ်းမျှအထွက်နှုန်းအနေဖြင့် ပိဿာချိန် ၇၀၀ ခန့်ထွက်ရှိပြီး မြင်းခြံမြို့ရှိ ဆေးလိပ်ခုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ယခုနှစ်တွင် သီးနှံအထွက်နှုန်း‌ကောင်းမွန်သောကြောင့် အကျိုးအမြတ်ရရှိလျက်ရှိကြောင်း ဆေးရွက်ကြီးစိုက် တောင်သူတစ်ဦးထံမှ သိရှိရသည်။

Source: Commerce

Category: Local News