Local News

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကျားပျံစပါးတင်းရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဒီဇင်ဘာလအတွင်း ကျားပျံစပါးတင်းရေအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ပန်းတနော်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီက ပြောပြသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက ကျားပျံစပါးအမျိုးအစားတင်းရေ ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်ထိ ကျားပျံစပါးအမျိုးအစားတင်းရေ ၆၆၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကျားပျံစပါးတင်းရေ ၆၆၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ပန်းတနော်မြို့နယ်ကနေ စပါးတွေ၊ ဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်တွေကို ရန်ကုန်ဈေးကွက်ထဲအများဆုံးတင်ပို့ရောင်းချနေပါတယ်။ ကျားပျံစပါးအမျိုးအစားက အချောအုပ်စုထဲမှာပါတဲ့ စပါးအမျိုးအစားဖြစ်ပါတယ်။ အဲ့ဒီစပါးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုများပြားနေလို့ အရောင်းအဝယ်ကောင်းခဲ့ တာဖြစ်ပါတယ်။ ကျားပျံစပါးအမျိုးအစားကို ရန်ကုန်ဈေးကွက်က ဇန်နဝါရီလထဲမှာလဲ အများအပြားဝယ်ယူဖို့ ချိတ်ဆက်မှုတွေရှိနေပါတယ်။ အခြားစပါးတွေနဲ့ ယှဉ်ရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာကော လတ်တလောအနေနဲ့ပါ ကျားပျံစပါးအမျိုးအစားက အရောင်းအဝယ်ပိုဖြစ်နေပါတယ်” ဟု ပန်းတနော်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြ၍ သိရသည်။ ပန်းတနော်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တင်ပို့ရောင်းချခဲ့သည့် ကျားပျံစပါးအမျိုးအစားတင်းရေ ၁၀၀ လျှင် ငွေကျပ် ၁၈၅၀၀၀၀ ထိ ပေါက်ဈေးရှိကြောင်း ပန်းတနော်မြို့နယ်မှ ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြ၍ သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News