Local News

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်တွင် ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်နေ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်တွင် ပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျုံပျော်မြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြ၍ သိရသည်။ ကျုံပျော်မြို့နယ်တွင် ဇန်နဝါရီလပထမပတ်က စတင်ပြီး ယနေ့ထိ ပဲလွမ်းဖြူများဝယ်ယူမှု အားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါပဲလွမ်းဖြူများ အရောင်းအဝယ်ကောင်းလာခြင်းသည် ဒေသထွက် ပဲလွမ်းဖြူများကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။ “ဒေသထွက် ပဲလွမ်းဖြူ တွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ အခုလ ပထမပတ်လောက်ကနေပြီး သိသိသာသာကို အဝယ်လိုက်လာတာ ဖြစ်ပါတယ်။ ဒေသထွက် ပဲလွမ်းဖြူတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ ပဲအထွက်နည်းလာတာနဲ့ အဝယ်လိုက်ပြီး အရောင်းသွက်နေတာဖြစ်ပါတယ်။ လက်ရှိဒေသမှာတော့ ပဲလွမ်းဖြူအသစ်တွေ သိပ်မထွက်သေးပါဘူး” ဟု ကျုံပျော်မြို့နယ် ပဲအမျိုးမျိုးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။ ကျုံပျော်မြို့နယ်တွင် ပဲလွမ်းဖြူ ၁၆ ပြည်ဝင် တစ်အိတ်လျှင် ငွေကျပ် ၁၅၇၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း၊ အဆိုပါဒေသမှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များသည် ဒေသထွက် လယ်ယာထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိပြီး ပဲလွမ်းဖြူအပြင် မတ်ပဲ၊ ပဲတီစိမ်း၊ ပြောင်း၊ စပါး၊ ဆန် စသည့် ရာသီထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

Source: ရတနာပုံ သတင်းစာ

Category: Local News