Local News

ကျိုက်လတ်မြို့နယ်မှ မော်လမြိုင်ကျွန်းမြို့နယ်သို့ ပြီးခဲ့သည့်မတ်လအတွင်းက ငရုတ်သီးခြောက် ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ မော်လမြိုင်ကျွန်းမြို့နယ်သို့ပြီးခဲ့သည့် မတ်လအတွင်းက ငရုတ်သီးခြောက် ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့‌ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာက ပြောပြ၍ သိရသည်။ ကျိုက်လတ်မြို့နယ်မှ မော်လမြိုင်ကျွန်းမြို့နယ်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ငရုတ်သီးခြောက် ပိဿာချိန် ၅၄၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်းငရုတ်သီးခြောက်ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့‌ရောင်းချခဲ့ရကြောင်း၊ အဆိုပါဒေသမှ တင်ပို့ရောင်းချခဲ့သည့် ငရုတ်သီးခြောက် ၁၀ ပိဿာလျှင် ငွေကျပ် ၇၅၀၀၀ ထိ ဈေးရှိနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့မတ်လအတွင်းက ကျိုက်လတ်မြို့နယ်ကနေ မော်လမြိုင်ကျွန်းမြို့နယ်ကို ငရုတ်သီးခြောက်ပိဿာချိန် ၈၇၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဒေသလယ်ယာထွက်ကုန်တွေကို ဧရာဝတီတိုင်းဒေသကြီးအတွင်းက အခြားနယ်မြို့တွေကို အဓိကတင်ပို့ရောင်းချနေပါတယ်။ ကျိုက်လတ်မြို့နယ်ကထွက်တဲ့ ဒေသထွက်ငရုတ်သီးတွေက အရည်အသွေးကောင်းတယ်။ ဒါကြောင့် လူကြိုက်များပါတယ်။ ငရုတ်သီးက အရည်အသွေးကောင်းတော့ ရက်ရှည်အထားခံပြီး တစ်ဆင့်ပြန်လည်ရောင်းချရာမှာ အဆင်ပြေပါတယ်” ဟု ကျိုက်လတ်မြို့နယ်မှ စားသောက်ကုန်ရောင်းဝယ်‌ရေးပွဲရုံပိုင်ရှင်‌ ဒေါ်ဇာဇာက ပြောပြသည်။   

ကျိုက်လတ်မြို့နယ်မှ တောင်သူများသည် စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်တွဲပြီး ငရုတ်သီးစိုက်ပျိုးသည့်လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း၊ အဆိုပါဒေသမှ ထွက်ရှိလာသော ငရုတ်သီးများသည် အရည်အသွေးကောင်းမွန်ကြောင်း၊ လက်ရှိတွင် ငရုတ်သီးခြောက်များ တင်ပို့ရောင်းချအားတက်လာခြင်းကြောင့် တောင်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်သည်များ၊ ပွဲရုံလုပ်ငန်းရှင်များ အဆင်ပြေနေကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News