Local News

တရုတ်ဈေးကွက်အခြေအနေ သိရှိရန် ပြည်တွင်း သရက်သီးများ စမ်းသပ်တင်ပို့

Last Updated:

ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် သရက်သီးများကို နှစ်စဉ် တရုတ်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချလျက်ရှိရာ ယခုနှစ် ဈေးကွက်အခြေအနေသိရှိရန် သရက်သီး ၂၃ တန်ကို ယမန်နေ့ကစမ်းသပ်တင်ပို့ခဲ့ကြောင်း မြန်မာ့သရက်စျေးကွက်နှင့် နည်းပညာဖွံ့တိုးတက်ရေးအသင်းမှ ဦးကျော်စိုးနိုင်ကပြောသည်။ မြန်မာ့စိန်တလုံးသရက်သီးများမှာ တရုတ်ဈေးကွက်တွင် ဝယ်လိုအားရှိခြင်းကြောင့် နှစ်စဉ်တင်ပို့ရောင်းချလျက်ရှီပြီး သရက်ရာသီစတင်ချိန် ဈေးကွက်အနေထားသိရှိရန် ယခုကဲ့သို့ စမ်းသပ်တင်ပို့ခြင်းဖြစ်သည်ဟုဆိုသည်။

“ပြီးခဲ့တဲ့ ၂ ရက်လောက်က စိန်တလုံးသရက် ၂၃ တန်ကို တရုတ်ဘက် တင်ပို့လိုက်တယ်။ ရာသီအစမှာ တရုတ်နိုင်ငံက အဖွင့်ဈေး ဘယ်လောက်ပေးမယ်ဆိုတာသိမှ ဈေးကွက်အနေအထား ခန့်မှန်းနိုင်မယ်။ အဲဒီဈေးပေါ်မူတည်ပြီး တင်ပို့သင့်၊ မသင့် စဉ်းစားရမယ်”ဟု ၎င်းကပြောသည်။ အရည်အသွေးကောင်းမှသာ ဈေးကောင်းရရှိမည်ဖြစ်၍ တင်ပို့သည့် လမ်းခရီး အချိန်ကြာမြင့်ပါက သရက်သီးများမှာ အရည်သွေးနိမ့်ကျသွားပြီး ဈေးကောင်းရမည်မဟုတ်ကြောင်း၊ သယ်ယူစရိတ်၊ အိပ်စွပ်ခ၊ အလုပ်သမားခ အပါအဝင် စိုက်ပျိုးထုတ်လုပ်မှု စရိတ်မြင့်တက်လာခြင်းကြောင့် ပြည်ပဈေးကွက်တွင် ဈေးကောင်းရရှိရန်လိုကြောင်းသိရသည်။

“သရက်သီးက ဒီနှစ်မှာ ရာသီဥတုဒဏ်ရော ထုတ်လုပ်မှုစရိတ်မြင့်တက်လာတော့ အရင်နှစ်ကထက် အထွက်နှုန်းနည်းမယ်။ သရက်အိတ်စွပ်တွေကလည်း တစ်ခုကို ၈၀ ကျပ်နီးပါးဖြစ်နေတော့ အိပ်စွပ်သရက်သီး အထွက်လည်းနည်းတော့ အရည်အသွေးပိုင်းမှာအားနည်းလာမယ်”ဟု ဆက်လက်ပြောကြားသည်။

တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် လမ်းပန်းဆက်သွယ်ရေးအရ လမ်းခရီး ကြာချိန်ခန့်မှန်းနိုင်မှုမရှိခြင်း၊ ရာသီဥတု ပူပြင်းခြင်း၊ သယ်ယူစရိတ်နှင့် အခြားစိတ်များ မြင့်တက်ခြင်းတို့ကြောင့် ဈေးကောင်းရရှိရန် လိုအပ်သဖြင့် စမ်းသပ်တင်ပို့မှုမှ ဈေးကွက်ကို စောင့်ကြည့်ရမည်ဖြစ်ကြောင်းသိရသည်။

Source: မကွေးဂျာနယ်

Category: Local News