Local News

ကျောက်ပန်းတောင်းမြို့နယ်၌ ဧပြီလအတွင်း စိုက်ပျိုးခဲ့သော နှမ်းများ စတင်နုတ်သိမ်းလျက်ရှိရာ အထွက်နှုန်း ကောင်းမွန်

Last Updated:

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်၌ ဧပြီလအတွင်း တောင်သူများ စိုက်ပျိုးခဲ့ကြသော နှမ်း၊  မြေပဲနှင့် ပဲစင်းငုံများအနက် ဇူလိုင်လ ၂၈ ရက်တွင် ကြံစို့ကျေးရွာနှင့် အရှေ့အင်တိုင်း ကျေးရွာဝန်းကျင်တို့၌  နှမ်းများနုတ်သိမ်းလျက်ရှိရာ အထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ်၌ ဆီထွက်သီးနှံဖြစ်သည့် နှမ်းနှင့်မြေပဲကို အဓိကစိုက်ပျိုးခဲ့ကြရာ တစ်မြို့နယ်လုံးအနေဖြင့် နှမ်း ၁၁၂၅၂၅ ဧကစိုက်ပျိုးခဲ့ကြောင်းနှင့် မြေပဲ ၂၂၁၃၇ ဧက စိုက်ပျိုးခဲ့ကြကြောင်း၊ အဆိုပါသီးနှံများအနက် ယခုအခါနှမ်းများ စတင်နုတ်သိမ်းလျက်ရှိကြောင်း သိရသည်။

“နှမ်းက အထွက်နှုန်းကောင်းပါတယ်။ အဆန်လည်းများတယ်။ ဒီနှစ်လည်း မနှစ်ကလိုပဲ အထွက်နှုန်းကောင်းမှာပါ။ တချို့ နှမ်းခင်းတွေဆိုရင် အပင်သန်ပြီး လူတစ်ရပ်တောင်ရှိတယ်။    တချို့နှမ်းခင်းတွေ ကျတော့လည်း မိုးပြတ်သွားတော့ အဖျားသီးလောက်ပဲ အောင်ကြတာရှိတယ်။ အခုလည်း မိုးနဲ့လေနဲ့ နုတ်ကြရတာပဲ။ နေလေးပွင့်တာနဲ့ ခါပြီး တောင်းထဲထည့်နိုင်အောင် လုပ်နေရတယ်" ဟု ကြံစို့ကျေးရွာမှ နှမ်းစိုက်တောင်သူတစ်ဦးကပြောသည်။

နှမ်းစိုက်ပျိုးရာတွင် တချို့တောင်သူများက ပဲစင်းငုံကို နှမ်းနှင့်ရော၍  သီးညှပ်အဖြစ် စိုက်ပျိုးခဲ့ကြသဖြင့် မြေပဲကို စိုက်ပျိုးနိုင်ခြင်းမရှိတော့ဘဲ  နှမ်းကို  သီးသန့်စိုက်ပျိုးခဲ့ကြသည့် တောင်သူများက  နှမ်းနုတ်သိမ်းပြီးသည်နှင့် မြေပဲကို ဆက်လက် စိုက်ပျိုးမည်ဖြစ်သည်။ ယခု မိုးရွာသွန်းမှု အခြေအနေအရ ပဲမျိုးစုံစိုက်ပျိုးမည့် တောင်သူများက မိုးမြေပဲအပြင် ပဲမျိုးစုံပါ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

Source: https://www.myawady.net.mm

Category: Local News