Local News

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ကျားကဏန်းပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ကျားကဏန်း ပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုမာက ပြောပြသည်။ လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ယခုနှစ်ပြီးခဲ့သည့် ဇွန်လအတွင်းက ကျားကဏန်းပိဿာချိန် ၄၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျားကဏန်းပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ ဒေသမှ ကျားကဏန်းများကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေကြောင်း သိရသည်။

“ဒေသထွက် ရေထွက်ကုန်တွေ ရန်ကုန်ဈေးကွက်ထဲကို ပုံမှန်အဆင်ပြေပြေတင်ပို့ရောင်းချနေပါတယ်။ ရန်ကုန်ဈေးကွက်က ဒီဘက်ကနေတင်ပို့တဲ့ ရေထွက်ကုန် အဓိကဈေးကွက်တစ်ခုပါ။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ကျားကဏန်းပိဿာချိန် ၆၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ တင်ပို့ရောင်းချခဲ့တဲ့ ကျားကဏန်းတွေကလဲ လတ်ဆတ်မှုနဲ့အရွယ်အစားအလေးချိန်အပေါ် မူတည်ပြီး ဈေးအပြောင်းအလဲရှိပါတယ်။ လက်ရှိဩဂုတ်လထဲမှာလဲ ကျားကဏန်းတွေကို ရန်ကုန်ဈေးကွက်က အဝယ်လိုက်နေပါတယ်။ လပွတ္တာမြို့နယ်ကနေ ကျားကဏန်းတွေကို ဒေသဈေးကွက်အပြင် အခြားဒေသတွေကို ပြန်လည်တင်ပို့ရောင်းချနေပါတယ်” ဟု လပွတ္တာမြို့နယ် ရေထွက်ကုန်ပစ္စည်းများ ရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင် ဒေါ်ချိုမာက ပြောပြသည်။ လပွတ္တာမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ကျားကဏန်းအသေး တစ်ပိဿာလျှင် ငွေကျပ် ၁၂၅၀၀၊ အလတ်တစ်ပိဿာလျှင် ငွေကျပ် ၁၈၅၀၀၊ အကြီးတစ်ပိဿာလျှင် ‌ငွေကျပ် ၂၂၀၀၀ မှ ၂၅၅၀၀ ထိ အရွယ်အစားအပေါ်မူတည်ကာ ဈေးအပြောင်းအလဲရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News