ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ အောက်တိုဘာလအတွင်း အုန်းသီးအလုံးရေ ၇၀၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဓနုဖြူမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လှလှဌေးက ပြောပြ၍ သိရသည်။ ဓနုဖြူမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ စက်တင်ဘာလအတွင်းက အုန်းသီးအလုံးရေ ၅၀၀၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်ထိ အုန်းသီးအလုံးရေ ၇၀၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် အုန်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ “အစ်မတို့ဒေသကနေ လယ်ယာထွက်ကုန်တွေကော၊ ခြံထွက်သီးနှံတွေပါ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ အောက်တိုဘာလအတွင်း အုန်းသီးအလုံးရေ ၇၀၀၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ ရန်ကုန်ဈေးကွက်ကနေ ဒေသထွက်ကုန်ဖြစ်တဲ့ အုန်းသီးတွေဝယ်ယူမှုများပြားနေပါတယ်။ လက်ရှိအုန်းသီးဈေးကလဲ စိုက်ပျိုးသူတွေအဆင်ပြေတဲ့ဈေးနှုန်းဖြစ်ပါတယ်” ဟု ဓနုဖြူမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်လှလှဌေးက ပြောပြသည်။ ဓနုဖြူမြို့နယ်မှ ထွက်ရှိသည့် အုန်းသီးများကို အုန်းသီးခြောက်၊ အုန်းသီးအစိမ်း၊ အုန်းသီးအနု၊ အုန်းသီးအခွံခွာ၊ အုန်းသီးအခွံပါ စသည့်အမျိုးအစားများ စနစ်တကျဆောင်ရွက်ပြီး ကုန်တင်ကား၊ ကုန်တင်ရေယာဉ်များဖြင့် တင်ပို့ရောင်းချနေကြောင်း၊ အဆိုပါ ဒေသထွက်အုန်းသီးများ ဈေးကောင်းလာခြင်း၊ ဝယ်ယူမှု များပြားလာခြင်းကြောင့် အုန်းစိုက်ပျိုးသူများ၊ ကုန်ထမ်းလုပ်သားများ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်တင်ကားအငှားလိုက် သူများ အဆင်ပြေနေကြောင်း သိရှိရသည်။
Source: ရတနာပုံ သတင်းစာ