International News

၂၀၃၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးအင်အား (၃)ဆအထိတိုးတက်လာမည်

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏စီးပွားရေးသည် ၂၀၃၃ ခုနှစ်တွင် (၃) ဆထိမြင့်တက်လာနိုင်ရန်မျှော်လင့်ရပြီး တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကဲ့သို့ ထရီလီယံဒေါ်လာ စီးပွား‌ရေးအင်အားရှိသည့်အုပ်စုထဲ ဝင်ရောက်နိုင်မည်ဟု ဖိလစ်ပိုင်နိုင်ငံ၊ ဘဏ္ဍာရေးအတွင်းရေးမှူး Ralph Recto က ပြောကြားခဲ့ပါသည်။ မနီလာမြို့တွင် ၂၇-၅-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဖိလစ်ပိုင်စီးပွားရေးရှင်းလင်းညွှန်ကြားမှုအစည်းအဝေးတွင် Recto က ပြင်ပမှစိန်ခေါ်မှုများရှိနေသော်လည်း တိုင်းပြည်သည် အာဆီယံဒေသတွင်း၌ သာလွန်သည့်စီးပွားရေးရှိပြီး ၂၀၂၅ ခုနှစ်တွင် စီးပွားရေးတိုးတက်မှုနှုန်း ၅.၈ ရာခိုင်နှုန်းမှ ၆.၃ ရာခိုင်နှုန်းကြားရှိကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွက် ခန့်မှန်းချက်မှာ ပိုမိုမြင့်မားသည့် ၅.၉ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းကြားရှိကြောင်းသိရှိရပါသည်။ ထို့ပြင် Recto က ဖိလစ်ပိုင်နိုင်ငံသည် အာရှဒေသတွင်းစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်သို့  တဖြည်းဖြည်းကြီးထွားလာလျက်ရှိကြောင်း၊ ၂၀၇၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံကိုကျော်ကာ ကမ္ဘာ့ (၁၄) နိုင်ငံမြောက် စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာနိုင်ကြောင်း၊ အဆိုပါရည်မှန်းချက်များသည် အစိုးရ၏မှန်ကန်သည့် မူဝါဒလမ်းစဉ်များနှင့် စီးပွားရေးကြီးထွားလာရန် မြှင့်တင်ပေးသည့် မဟာဗျူဟာများကြောင့် ဖြစ်နိုင်ချေရှိကြောင်း၊ ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ကာ စီးပွားရေးအင်အားကြီးထွားလာစေရန် အရှိန်မြှင့်တင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည်  အလယ်အလတ်၏အထက် ဝင်ငွေရှိသည့် နိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ (၁၃) နိုင်ငံမြောက် အကြီးမားဆုံး စားသုံးသူဈေးကွက်ဖြစ်လာမည်ဖြစ်ပြီး ပြည်တွင်းနှင့်ပြည်ပမှ စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အ‌ရေးကောင်းဖန်တီးပေးနိုင်မည်ဟုသိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံစာရင်းအင်းအာဏာပိုင်အဖွဲ့၏ နောက်ဆုံးအချက်အလက်များအရ နိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် ၂၀၂၄ ခုနှစ်၏ ပထမသုံးလတာကာလတွင် ၅.၇ ရာခိုင်နှုန်းရှိခဲ့သော်လည်း အစိုးရ၏ရည်မှန်းချက်ဖြစ်သည့် ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းကြားကို မပြည့်မီကြောင်းသိရှိရပါသည်။

Source: The Philippine Star

Source: https://www.doca.gov.mm

Category: International News