Local News

မအူပင်မြို့နယ်တွင် စားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်လာ

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ်တွင် စားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်လာကြောင်း မအူပင်မြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြ၍ သိရသည်။ မအူပင်မြို့နယ်တွင် ဇူလိုင်လက ဒုတိယပတ်မှစ၍ ဇူလိုင်လ ၃၀ ရက်နေ့ထိ စားတော်ပဲများ အဝယ်လိုက်လာပြီး အ‌ရောင်းအဝယ်ကောင်းမွန်လျက်ရှိကြောင်း၊ အဆိုပါ စားတော်ပဲများ တစ်ပတ်လျှင် ၂၄ ပြည်ပါအိတ်ရေ ၁၀၀ မှ ၂၅၀ ထိ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။

“စားတော်ပဲက အရင်ထက်တော်တော်လေးအရောင်းအဝယ်ဖြစ်လာပါတယ်။ ပြည်တွင်းစားသုံးအားကောင်းလာတာကြောင့် အခုလို အရောင်းအဝယ်ကောင်းလာတာပါ။ လက်ရှိ အရောင်းအဝယ်လုပ်နေတဲ့ စားတော်ပဲတွေက ဆောင်းကာလက ကျန်တဲ့ ပဲအဟောင်းတွေပါ။ အရောင်းအဝယ်ကောင်းလာတော့ ပဲလုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေအလုပ်အကိုင်အခွင့်အလမ်းရရှိလာတာတွေ့ရပါတယ်။ လက်ရှိ ဒေသထွက်ပဲတွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကပါ ဝယ်ယူမှုများပြားလာပါတယ်” ဟု မအူပင်မြို့နယ်မှ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်မာမာအေးက ပြောပြသည်။

မအူပင်မြို့နယ်တွင် စားတော်ပဲများအပါအဝင် အခြားပဲများကို စနစ်တကျသန့်စင်ပြီး ဝယ်ယူသည့်ဒေသများကို တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသတွင် ဒေသခံများက စားတော်ပဲကို အခြားသီးနှံများနှင့်ယှဉ်တွဲပြီး တစ်ဦးလျှင် တစ်ဧကမှ ဆယ်ဧကထိ စိုက်ပျိုးကြကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News