မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းက ကြီးမှူး၍ တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှ ၁၁ ရက်အထိ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းနှင့် ဇော်ဂျီလမ်းထောင့် တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မြေပဲဆီနှင့်နှမ်းဆီများကို လွတ်လပ်စွာဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦး က “မြေပဲဆီတစ်ပိဿာကို ရန်ကုန်မြို့မှာ ကျပ်နှစ်သောင်းဝန်းကျင်ဈေးရှိပြီး တန်ဆောင်တိုင် ပွဲတော်မှာ တစ်ပိဿာကို အမြင့်ဆုံးဈေး ကျပ်တစ်သောင်းခြောက်ထောင်ထက် မပိုတဲ့ဈေးနဲ့ ရောင်းချပေးမှာပါ။ စိတ်ကြိုက်လိုသလောက် ၅၀ ကျပ်သားဘူးကစပြီး ပိဿာဘူးများအထိ ရောင်းချပေးမှာပါ။ ပထမအကြိမ်ဈေးရောင်းပွဲတော်မှာ မြေပဲဆီတစ်ပိဿာကို ကျပ်တစ်သောင်းခွဲ နဲ့ သုံးရက်အတွင်းဆီပိဿာချိန် ခြောက်သောင်းကျော်ရောင်းရပါတယ်။ ဒီတစ်ခေါက်သယ်ယူ စရိတ် အနည်းငယ်မြင့်တက်လို့ ဈေးအနည်းငယ်တင်ပြီး ရောင်းရတာပါ ။ ပွဲတော်ရက်အတွင်း ဆီပိဿာချိန်များများယူရင် ရန်ကုန်မြို့အတွင်း ပို့ပေးပါ့မယ်။ ပို့ဆောင်ခကို မှာယူသူက ပေးဆောင် ရပါမယ်” ဟု ပြောသည်။ အဆိုပါဈေးရောင်းပွဲတော်တွင် မန္တလေးတိုင်းဒေသကြီးမှ ဆီစက် လုပ်ငန်းရှင် ကိုးဦး၊ မကွေးတိုင်းဒေသကြီးမှ လေးဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်ဦး လာရောက် ရောင်းချမည်ဖြစ်သည်။ ကုန်ကြမ်းသီးနှံဖြစ်သည့် မြေပဲမှာ စက်တင်ဘာလမှ မတ်လ အထိ လှိုင်လှိုင်ပေါသည့် ကာလဖြစ်သဖြင့် မြေပဲဆီများကို သက်သာသည့်ဈေးနှုန်းဖြင့် လာရောက် ရောင်းချခြင်းဖြစ်သည်။ ဈေးရောင်းပွဲတော် သုံးရက်အတွင်း မြေပဲဆီပိဿာချိန် တစ်သိန်းဝန်းကျင် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်းသိရသည်။
Source: မြန်မာ့အလင်းသတင်းစာ