International News

တရုတ်နိုင်ငံသည် အမေရိကန်ထုတ်ကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံရန် စီစဉ်လျက်ရှိ

Last Updated:

အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများ ကြီးထွားလာနေချိန်တွင် တရုတ်နိုင်ငံသည် အမေရိကန်ထုတ်ကုန်များအပေါ် (၁၀)ရာခိုင်နှုန်းမှ (၁၅)ရာခိုင်နှုန်းအထိ ထပ်တိုးအခွန် စည်းကြပ် မည်ဖြစ်ပြီး အမေရိကန်ကုမ္ပဏီ Google Inc ကို လက်ဝါးကြီးအုပ်မှုဆန့်ကျင်ရေးဆိုင်ရာ စုံစမ်း စစ်ဆေးခြင်းအပြင် အခြားသောကုန်သွယ်မှုအစီအမံများကို စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ စတင်၍ အမေရိကန်မှ ကျောက်မီးသွေးနှင့် သဘာဝဓာတ် ငွေ့ရည်တင်သွင်းမှုအပေါ် စည်းကြပ်ခွန် (၁၅)ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ကောက်ခံမည်ဖြစ်သည့် အပြင် ရေနံစိမ်း၊ လယ်ယာသုံး စက်ယန္တရားကြီးများ၊ large-displacement automobiles နှင့် ပစ်ကပ်ထရပ်ကားများအပေါ် စည်းကြပ်ခွန် (၁၀)ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ အကောက်ခွန်ကော်မရှင်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန် (၁၀)ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်၏ ကြေငြာချက်အပြီးတွင် ထိုသို့ထွက်ပေါ်လာခြင်း ဖြစ်ပါ သည်။ အမေရိကန်၏ တစ်ဖက်သတ် အကောက်ခွန်စည်းကြပ်မှုသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ချိုးဖောက်ပြီး အမေရိကန်၏ပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ နှစ်နိုင်ငံ အကြား ပုံမှန်စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကိုပါ ပျက်ပြားစေသည်ဟု တရုတ်နိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံက ထပ်မံတိုးမြှင့်လိုက်သည့် အခွန်စည်းကြပ်မှုသည် အမေရိကန်ကုမ္ပဏီ အများစုကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ အကောက်ခွန်ဖိအားများကြောင့် အမေရိကန်ကုမ္ပဏီ တစ်ခုသည် တရုတ်ဈေးကွက်မှ နုတ်ထွက်လိုက်ပါက ပြန်လည်ဈေးကွက်ဝင်ရောက်ရေးနှင့် ပတ်သက်ပြီး အတားအဆီးများ ကြီးမားလာနိုင်ကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး အကယ်ဒမီမှ အကြီးတန်းသုတေသီ Zhou Mi က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ဈေးကွက်သည် အမေရိကန်ကုမ္ပဏီများအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေသဖြင့် ၎င်းတို့၏ သက်ဆိုင်ရာစီးပွားရေးအကျိုးရလဒ်များကို ထိန်းထား၍ ပေကျင်းနှင့် ဝါရှင်တန်တို့က ပွင့်လင်းမြင်သာစွာ ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် နှစ်ဖက်စလုံး၏ စီးပွားရေးလုပ်ငန်းများ၏ စိုးရိမ်မှုများကို ဖြေရှင်းနိုင်သော နည်းလမ်းကို ရှာဖွေရန် Zhou က ထပ်မံဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတ Donald Trump သည် လာမယ့် (၂၄)နာရီအတွင်း သွင်းကုန်ခွန်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်ခေါင်းဆောင်များနှင့် စကားပြောရန် စီစဉ်ထားကြောင်း The Wall Street Journal ကို ပြောကြားခဲ့ပြီး Trump မှ စည်းကြပ်ခွန် (၁၀)ရာခိုင်နှုန်းတိုးမြှင့်မည့် အစီအစဉ်သည် အစပိုင်းသာဖြစ်သည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နှင့် ကုန်သွယ်ရေးတင်းမာမှုများ တိုးလာနေချိန်တွင် တရုတ်နိုင်ငံသည် ၎င်း၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်အတွက် WTO ၏ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ တင်ပြထားကြောင်း၊ တရုတ်နိုင်ငံသည် အမေရိကန်၏ လုပ်ဆောင်ချက်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ၎င်း၏ လုပ်ဆောင်ချက်များကို ချက်ချင်းပြင်ဆင်ရန် အမေရိကန် အား တိုက်တွန်းကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် အရေးကြီးဓာတ်သတ္တုများအပေါ် ပို့ကုန်ထိန်းချုပ်ရေး မူဝါဒများကို လည်း ကြေညာခဲ့ကြောင်း၊ (၇-၂-၂၀၂၅) နေ့မှစတင်ပြီး ပို့ကုန်ထိန်းချုပ်ရေးစာရင်းတွင် tungsten၊ tellurium၊ bismuth၊ molybdenum နှင့် indium ဆက်စပ်ပစ္စည်းများကို ထည့်သွင်းထား ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အမေရိကန်အဝတ်အထည်ကုမ္ပဏီ PVH Corp နှင့် ဇီဝနည်းပညာကုမ္ပဏီ Illumina Inc တို့ကို ယုံကြည်စိတ်ချရမှုမရှိသော အဖွဲ့အစည်းစာရင်း တွင် ထည့်သွင်းထားကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါကုမ္ပဏီနှစ်ခုအား သက်ဆိုင်ရာဥပဒေများ၊ စည်းမျဉ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

၎င်းကုမ္ပဏီနှစ်ခုသည် ပုံမှန်စျေးကွက်ကုန်သွယ်မှုစည်းမျဉ်းများကိုချိုးဖောက်ကာ တရုတ် စီးပွားရေးလုပ်ငန်းများနှင့် ပုံမှန်အရောင်းအဝယ်များကို ဖျက်ဆီးပြီး တရုတ်ကုမ္ပဏီများအပေါ် ခွဲခြားဆက်ဆံသည့်အစီအမံများပြုလုပ်၍ တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုး စီးပွားများကို ဆိုးရွားစွာထိခိုက်စေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံ၏ လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးဥပဒေအား ချိုးဖောက်သည်ဟု သံသယ ရှိသော အမေရိကန်နည်းပညာကုမ္ပဏီကြီး Google Inc ကို စုံစမ်းစစ်ဆေးမှုစတင်ခဲ့ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းစျေးကွက်ထိန်းချုပ်ရေးဌာနဖြစ်သည့် စျေးကွက်စည်းမျဉ်းဆိုင်ရာ နိုင်ငံတော်စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

Yuekai Securities မှ ဘောဂဗေဒပညာရှင် Luo Zhiheng က တရုတ်သည် အိမ်ဖြူတော် ၏ မည်သည့်အခွန်ခြိမ်းခြောက်မှုကိုမဆို ထိရောက်သော တန်ပြန်အရေးယူမှုများ ပြုလုပ်သင့်ပြီး ပြည်တွင်းမူဝါဒများကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ကာ စျေးကွက်မျှော်လင့်ချက်များကို ဦးစားပေးလုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Trump အစိုးရ၏ ပထမသက်တမ်းတွင် ရရှိခဲ့သည့် အတွေ့အကြုံများအပေါ် အခြေခံပြီး တရုတ်သည် အမေရိကန်၏ ကုန်သွယ်ရေးခြိမ်းခြောက်မှုကို တုံ့ပြန်ရန် ထပ်ဆောင်းအခွန် စည်းကြပ်မှုနှင့် ပို့ကုန်ထိန်းချုပ်မှုကဲ့သို့ အစီအမံများကို အသုံးချသင့်သည်ဟု Luo က ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

တရုတ်သည် ဒဏ်ခတ်ပိတ်ဆို့ထားသော ကုန်ပစ္စည်းများနှင့် ကုမ္ပဏီစာရင်းကို ဆက်လက် တိုးချဲ့ခြင်းဖြင့် ဝါရှင်တန်နှင့် စေ့စပ်ညှိနှိုင်းရာတွင် ပေကျင်း၏ သြဇာလွှမ်းမိုးမှုကို တိုးမြှင့်သင့် သည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ မြင့်မားလာခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများ၏ စွမ်းအားကို မြှင့်တင်ရန်၊ ပြင်ပဝယ်လိုအား ကျဆင်း နိုင်မှုကို တုံ့ပြန်ရေးအတွက် ပြည်တွင်းဝယ်လိုအားကို တက်ကြွစွာတိုးချဲ့ရန်၊ အဆင့်မြင့်ဈေးကွက် ဖွင့်လှစ်မှုကို ရှေ့သို့ မှန်မှန်တွန်းအားပေးရန်၊ ကုန်သွယ်မှုလုပ်ဖော်ကိုင်ဖက်များနှင့် ကွန်ရက်များ ချဲ့ထွင်ကာ ၎င်း၏ကုန်သွယ်မှုကို ကွဲပြားစေရန် ဆောင်ရွက်သင့်သည်ဟု Luo က ပြောကြားခဲ့ ကြောင်းလည်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202502/04/WS67a23698a310a2ab06eaa15c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News