International News

တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ စွမ်းအားဖြည့်အချိုရည်ဈေးကွက် တိုးတက်မှုကို ဦးဆောင်လျက်ရှိ

Last Updated:

စားသုံးသူများသည် ကျန်းမာသောလူနေမှုပုံစံကို ရွေးချယ်လာကြသောကြောင့် ရေငတ်ပြေ စေရုံမျှမက ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော ပေါင်းစပ်ပါဝင်ပစ္စည်းများ ပါရှိသည့် စွမ်းအားဖြည့်အချိုရည်များသည် တရုတ်နိုင်ငံ၌ လူကြိုက်များလာကြောင်း သိရှိရပါ သည်။

ကျန်းမာရေးအသိများ တိုးပွားလာသည်နှင့်အမျှ စားသုံးသူများသည် အာဟာရကို မြှင့်တင် ပေးပြီး ကိုယ်ခန္ဓာ၏လုပ်ဆောင်ချက်များကို ပံ့ပိုးပေးသည့် ထုတ်ကုန်များကို ရွေးချယ်လာကြ ကြောင်း၊ အစားအစာများ၊ ဖျော်ရည်များနှင့် အလှအပဆိုင်ရာ ထုတ်ကုန်များ အပါအဝင် စီးပွားရေး လုပ်ငန်းများအတွက် စျေးကွက်အချက်အလက်များကို ပံ့ပိုးပေးသည့် Innova Market Insights ၏ အဆိုအရ ကမ္ဘာတစ်ဝန်းရှိ စားသုံးသူများ၏ လေးပုံတစ်ပုံကျော်သည် ပရိုတင်းဓာတ်များသော သို့မဟုတ် စွမ်းရည်မြှင့်တင်ထားသော ဖျော်ရည်များကဲ့သို့သော စွမ်းအားဖြည့်အချိုရည်များကို ရွေးချယ်သောက်သုံးလာကြကြောင်း သိရှိရပါသည်။

ဤလမ်းကြောင်းသည် အဖျော်ယမကာလုပ်ငန်းကို ပြန်လည်ပုံဖော်ပေးပြီး အားဖြည့် အချိုရည်များ၌ ဆန်းသစ်တီထွင်မှုကို အဓိကအာရုံစိုက်လာသည်ဟု အစီရင်ခံစာ၌ ဖော်ပြထား ကြောင်း သိရှိရပါသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော NHEC 2024 China Nutrition and Health Industry Entrepreneurs နှစ်ပတ်လည်ညီလာခံတွင် Innova သည် အားဖြည့်အချိုရည်များ၏ ကမ္ဘာလုံး ဆိုင်ရာနှင့် ဒေသဆိုင်ရာ ရှေ့အလားအလာများ၊ ဖျော်ရည်ကဏ္ဍတွင် လျင်မြန်စွာ ကြီးထွားလာမှု နှင့် ထိုကဲ့သို့သော အချိုရည်များအတွက် စားသုံးသူများ၏ ဝယ်လိုအားကို တွန်းအားပေးသည့် အကြောင်းရင်းများကို မျှဝေခဲ့ကြောင်း သိရှိရပါသည်။

ကြီးထွားလာနေသော အားဖြည့်အချိုရည်ဈေးကွက်၌ တရုတ်နိုင်ငံသည် အရေးပါသည်ဟု Innova က ပြောကြားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ၊ အာရှ-ပစိဖိတ် ဒေသသည် အားဖြည့်အချိုရည်ရောင်းချမှုတွင် ဆက်တိုက်တိုးတက်မှုများရှိခဲ့ပြီး ခိုင်မာသော စားသုံးသူဝယ်လိုအားနှင့် တက်ကြွသောစျေးကွက်ဆန်းသစ်တီထွင်မှုကို ပြသခဲ့ကြောင်း သိရှိရ ပါသည်။

ကမ္ဘာ့ဈေးကွက်သည် နှစ်စဉ် စုစုပေါင်းတိုးတက်မှုနှုန်း (compound annual growth rate- CAGR) (၇)ရာခိုင်နှုန်း ရှိနေချိန်တွင် တရုတ်နိုင်ငံ၏ ထုတ်ကုန်သစ်မိတ်ဆက်မှု အညွှန်း ကိန်းသည် ၂၅၃ ရှိနေပြီး CAGR (၂၆)ရာခိုင်နှုန်းအထိ ရောက်ရှိနေကြောင်း၊ အာရှ-ပစိဖိတ်ဒေသ၏ (၁၁) ရာခိုင်နှုန်းနှင့် ကမ္ဘာ့ပျမ်းမျှ (၇)ရာခိုင်နှုန်းထက် ကျော်လွန်လျက်ရှိကြောင်း သိရှိရသည်။

အထူးသဖြင့် အားဖြည့်အချိုရည်သည် တရုတ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း လျင်မြန်စွာတိုးတက်‌လာပြီး ၎င်း၏ထုတ်ကုန်အသစ်မိတ်ဆက်မှုညွှန်းကိန်း ၁၃၀ မှ ၂၀၆ အထိ မြင့်တက်လာကြောင်း သိရှိရပါသည်။

ယင်းအချက်သည် ကျန်းမာရေးကို အလေးထားသည့် အဖျော်ယမကာများအပေါ် စားသုံး သူများ၏ စိတ်ဝင်စားမှုကို တိုးလာစေပြီး ထုတ်လုပ်သူများအကြား ဆန်းသစ်တီထွင်မှုနှင့် စျေးကွက်ချဲ့ထွင်မှုတို့တွင် ခိုင်မာသည့် ရင်းနှီးမြှုပ်နှံမှုများ တိုးလာနေသည်ကို မီးမောင်းထိုးပြ လျက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

တရုတ်နိုင်ငံတွင် နေ့စဉ်လူနေမှုဘဝ၊ အလုပ်နှင့် ဖျော်ဖြေရေးလုပ်ငန်းများသည် အားဖြည့် အချိုရည်စျေးကွက်ကြီးထွားမှုကို တွန်းအားပေးလျက်ရှိကြောင်း၊ မကြာသေးမီနှစ်များအတွင်း ဤစျေးကွက်သည် လျင်မြန်စွာ တိုးချဲ့လာပြီး နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာ များစွာ ရှိနေသည်ကို ပြသခဲ့ကြောင်း အစားအသောက်နှင့် အဖျော်ယမကာ လေ့လာဆန်းစစ်သူ Zhu Danpeng က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထုတ်ကုန်အသစ်များ တီထွင်မှုအရ ဥရောပသည် (၃၇)ရာခိုင်နှုန်းဖြင့် နံပါတ် (၁)နေရာ တွင် ရှိနေကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ဒေသအလိုက် တိုးတက်မှုနှုန်းအရ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကဈေးကွက်သည် (၁၅)ရာခိုင်နှုန်း၊ အာရှ-ပစိဖိတ်ဒေသသည် (၁၁) ရာခိုင်နှုန်းနှင့် ဥရောပတွင် (၈)ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် ထွန်းသစ်စဈေးကွက်များတွင် အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်ကို တွေ့ရှိရကြောင်း အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လအထိ၊ (၁၂) လအတွင်း အမေရိကန်သည် ကမ္ဘာ့အားဖြည့်အချိုရည် ရောင်းချမှုတွင် (၁၂)ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး  တရုတ်သည် (၆)ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာ၌ ရှိနေကြောင်း သိရှိရပါသည်။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၄ ခုနှစ်အကြားတွင် တိုးတက်မှုနှုန်းအရ အိုင်ယာ လန်သည် CAGR (၃၂)ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး တရုတ်က (၂၆)ရာခိုင်နှုန်းခန့်ဖြင့် ကမ္ဘာ တစ်ဝန်းတွင် တတိယအဆင့်ရှိကြောင်း၊ စလိုဗက်ကီးယားနှင့် ထိုင်းနိုင်ငံတို့သည် တိုးတက်မှုနှုန်း (၂၅)ရာခိုင်နှုန်းနှင့် (၂၄)ရာခိုင်နှုန်း အသီးသီးရှိကြပြီး ထွန်းသစ်စဈေးကွက်များ၏ အရေးပါမှုကို ပြသလျက်ရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

အစားအသောက်ထုတ်လုပ်သောထိပ်တန်းကုမ္ပဏီဖြစ်သည့် Danone ၏ ၂၀၂၄ ခုနှစ်၊ တတိယသုံးလပတ်  ရလဒ်များသည် အားဖြည့်အချိုရည်များ၏ လူကြိုက်များလာမှုကို မီးမောင်း ထိုးပြခဲ့ကြောင်း၊ Danone ၏ လက်ထောက် CEO နှင့် CFO ဖြစ်သူ Juergen Esser ၏ အဆိုအရ ကုမ္ပဏီသည် ဒေသအားလုံးတွင် အထူးသဖြင့် မြောက်အမေရိက၊ တရုတ်၊ မြောက်အာရှနှင့် Oceania တို့တွင် ခိုင်မာသောတိုးတက်မှုကို မြင်တွေ့ခဲ့ရကြောင်း သိရှိရပါသည်။

Danone ၏ ၂၀၂၄ ခုနှစ်၊ တတိယသုံးလပတ်တွင် ရောင်းအားသည် ယူရို (၆.၈)ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၀၃ ဘီလီယံ) ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၄.၂)ရာခိုင်နှုန်း တိုးလာ ကြောင်း၊ အရေအတွက်အားဖြင့် (၃.၆)ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် (၀.၇)ရာခိုင်နှုန်း တိုးတက် လာကြောင်း သိရှိရပါသည်။

ထိုသို့တိုးတက်လာရာတွင် Danone ၏ စွမ်းအားဖြည့်အချိုရည်အမှတ်တံဆိပ် Mizone သည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး  Mizone သည် တရုတ်တွင် ရောင်းအားကောင်း မှုကို ထိန်းသိမ်းထားကြောင်း သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202502/05/WS67a2c9c6a310a2ab06eaa335.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News