ထိုင်းနိုင်ငံ၊ စမုစခွန်ရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံ ၃ ရုံသည် ဥပဒေများစွာနှင့် သွေဖီနေ ကြောင်း စိစစ်တွေ့ရှိရသဖြင့် စက်ရုံလည်ပတ်ခြင်း လုပ်ငန်းစဉ်များ ရပ်ဆိုင်းထားရန် ထိုင်း အာဏာပိုင်များက ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။
ဒေသခံများက စက်ရုံများမှ မီးခိုးမည်းများကို ညအချိန်တွင် ထုတ်လွှတ်လျက် ရှိကြောင်း တိုင်ကြားလာမှုကြောင့် စုံစမ်းစစ်ဆေးမှုများကို စက်မှုဝန်ကြီးဌာနနှင့် တော်ဝင် ထိုင်းရဲဌာန၊ သဘာဝရင်းမြစ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ မှုခင်းနှိမ်နင်းရေးဌာနခွဲက ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ စုံစမ်းခဲ့မှုအပေါ် စက်ရုံပိုင်ရှင်များက သတ္တုရောစပ်ခြင်းနှင့် သတ္တု အပိုင်းအစများနှင့် သတ္တုအပျက်အစီးများကဲ့သို့သော အန္တရာယ်မဖြစ်စေသည့် အမှိုက်များကို အရည်ဖျော်ခြင်းဖြစ်သည်ဟု အစီရင်ခံခဲ့ပါကြောင်း၊ အာဏာ ပိုင်များ၏ ဖြေကြားချက်များအရ ပထမစက်ရုံသည် စက်ရုံလည်ပတ်ရန် ခွင့်ပြုချက်ရှိခဲ့သော်လည်း ပလတ်စတစ်အရည်ဖျော် သည့် လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ အာဏာပိုင်များထံ အသိပေးရန် ပျက်ကွက်ခဲ့ပါကြောင်း၊ ဒုတိယစက်ရုံသည် အန္တရာယ်ရှိသော ပစ္စည်းများဟု သတ်မှတ်ထားသည့် အီလက်ထရောနစ် ဆားကစ်စ်ဘုတ်များ အရေအတွက်များစွာ တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
စက်ရုံ ၂ ရုံစလုံးသည် တရုတ်နိုင်ငံသားတစ်ဦးက ပိုင်ဆိုင်ထားပြီး ၎င်းကို ကြိုတင် အသိပေးမှုပျက်ကွက်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ စက်ရုံလုပ်ငန်းစဉ်များ တိုးချဲ့ခြင်းနှင့် ခွင့်ပြုချက် မရှိဘဲ အန္တရာယ်ရှိသော ပစ္စည်းများလည်ပတ်ခြင်းတို့ကြောင့် ဖမ်းဆီးထားပြီးဖြစ်ကြောင်း၊ တတိယစက်ရုံသည် သတ္တု ရောစပ်ခြင်းများဆောင်ရွက်လျက်ရှိရာ လုပ်ထုံးလုပ်နည်းများစွာ ကို လိုက်နာရန် ပျက်ကွက်ခဲ့ပါသဖြင့် စက်ရုံမန်နေဂျာကို ဖမ်းဆီးထားပါကြောင်း၊ သီးခြား စစ်ဆေးခဲ့မှုများအရ စက်ရုံသည် လျှပ်စစ်ခလုတ်များ၊ ပါဝါပလပ်များ၊ ဆော့ကတ်များနှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး အရည်အသွေး မပြည့်မီသည်ကို တွေ့ရှိရပါကြောင်း၊ စက်ရုံပိုင်ရှင်သည် ကြိုတင်ခွင့်ပြုချက်မရယူဘဲ ကုန်ပစ္စည်းထုတ် လုပ်ခြင်းအပါအဝင် ကုန်စည်စံနှုန်းဥပဒေများကို သွေဖီခြင်းနှင့် လုံခြုံစိတ်ချရသော စံနှုန်းများနှင့် မကိုက်ညီခြင်းတို့ ကြောင့် တရားစွဲဆိုထားပါကြောင်း၊ စက်ရုံလုပ်ငန်းအားလုံးကို ရပ်ဆိုင်းထားရမည် ဖြစ်ပြီး လုပ်ထုံးလုပ်နည်းများနှင့် မကိုက်ညီသော သိမ်းဆည်းရရှိခဲ့သည့် ပစ္စည်းများကို ဖျက်စီး သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးအတွင်းရေးမှူးဖြစ်သူ Mr. Pongpol Yodmuangcharoen က ပြောကြားခဲ့သည်။
Source: www.bangkokpost.com စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။