International News

ဗီယက်နမ်နိုင်ငံ၏ အုန်းသီးတင်ပို့မှုသည် ၁၄ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ အုန်းသီး လတ်လတ်ဆတ်ဆတ်တင်ပို့မှုမှာ ၂၀၂၄ ခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ သန်း ၃၉၀ ရှိပြီး ယခင်နှစ် ကိန်းဂဏန်းနှင့် နှိုင်းယှဉ်ပါက ၆၁ ရာခိုင်နှုန်း တိုးလာကြောင်း အကောက်ခွန် ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အုန်းသီးလတ်လတ်ဆတ်ဆတ်နှင့် အုန်းသီးထွက်ကုန်များ တင်ပို့မှုသည် စုစုပေါင်း ဒေါ်လာ ၁.၁ ဘီလီယံနီးပါးရှိပြီး ဗီယက်နမ်နိုင်ငံသို့ ပို့ကုန်ဝင်ငွေ ဒေါ်လာဘီလီယံနှင့်ချီကာ ၁၄ နှစ် အတွင်း ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အချက်အလက်များ အရ လက်ရှိတွင် ဗီယက်နမ်နိုင်ငံတွင် အုန်းစိုက်ဧရိယာ ဟက်တာ ၂၀၀,၀၀၀ ရှိပြီး နှစ်စဉ် အုန်းတန်ချိန် နှစ်သန်းခန့် ထွက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါအုန်းစိုက်ဧရိယာ၏ သုံးပုံတစ်ပုံသည် အလယ်ပိုင်းဒေသနှင့် မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသတွင်အများစုရှိပြီး စိုက်ခင်းများသည် အမေရိကန်နှင့် ဥရောပတို့မှ အော်ဂဲနစ်စံနှုန်းများနှင့် ကိုက်ညီကြောင်းသိရှိရပါသည်။ Bến Tre Siamese အုန်းသီးသည် ထူးခြားသော အရည်အသွေး များအတွက် အသိအမှတ်ပြုခံရပြီး ၎င်းကိုစိုက်ပျိုးရန် စိုက်ခင်းကုဒ် ၁၃၃ ခုနှင့် တင်ပို့ထုတ်လုပ်ရန် အတွက် ဟက်တာပေါင်း ၈,၃၀၀ ကျော်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်တွင် အုန်းသီးထုတ်လုပ်ခြင်းနှင့် ပြုပြင်ခြင်းတွင် စီးပွားရေးလုပ်ငန်းပေါင်း ၆၀၀ ကျော်ဖြင့် ဗီယက်နမ် အုန်းသီးလုပ်ငန်းသည် နိုင်ငံတကာဈေးကွက်တွင် အပြိုင်အဆိုင် အားသာချက်များရှိနေပြီး ဗီယက်နမ်သည် အာရှ-ပစိဖိတ်ဒေသအုန်းသီးတင်ပို့မှုတွင် စတုတ္ထအဆင့်နှင့် ကမ္ဘာတစ်ဝှမ်းတွင် ပဉ္စမအဆင့်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အုန်းသီးတင်ပို့မှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းဖြင့် အကြီးဆုံး တင်ပို့သည့်ဈေးကွက်ဖြစ်သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် နှစ်နိုင်ငံအကြား တရားဝင် အုန်းသီးတင်ပို့ခွင့်ပြုသည့် ပရိုတိုကောကို လက်မှတ်ရေးထိုးခြင်းသည် အုန်းစိုက်တောင်သူများနှင့် ထုတ်လုပ်သူများအတွက် သိသာထင်ရှားသော အခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း သိရှိရပါ သည်။ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် တရုတ်နိုင်ငံသို့ တတိယအကြီးဆုံး အုန်းသီး ရောင်းချသူ ဖြစ်ပြီး စျေးကွက်ဝေစု၏ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်း၊ တရုတ်နိုင်ငံအပြင် ၎င်း၏ယှဉ်ပြိုင်မှု စျေးနှုန်းနှင့် သဘာဝအတိုင်း ချိုမြသောအရသာကြောင့် ဗီယက်နမ်အုန်းသီးများသည် EU၊ US၊ ကနေဒါနှင့်တောင်ကိုရီးယားအပါအဝင် စျေးကွက်များတွင်လည်း ရေပန်းစား လူကြိုက်များ ကြောင်း သိရှိရပါသည်။

ပို့ကုန်ဝင်ငွေ ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိနေသော်လည်း လက်ရှိပို့ကုန်ရငွေသည် ဗီယက်နမ်အုန်းသီးလုပ်ငန်း၏ အလားအလာနှင့် အားသာချက်များကို အပြည့်အဝ ပြသနိုင်ခြင်း မရှိသေးကြောင်း ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ အုန်းသီးအသင်း အထွေထွေအတွင်းရေးမှူး Cao Bá Đăng Khoa မှ အုန်းလတ်လတ်ဆတ်ဆတ် တင်ပို့မှုအများအပြားသည် ၂၀၂၄ ခုနှစ် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်အတွင်း စိုက်ခင်းကုဒ်များ၊ ထုပ်ပိုးမှုဆိုင်ရာကုဒ်များနှင့် ကုန်ကြမ်း အရင်းအမြစ်များ မတည်မငြိမ်ပြတ်တောက်မှုကြောင့် နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါသည်။

ထို့ကြောင့် ဗီယက်နမ်နိုင်ငံအတွက် စိုက်ခင်းကုဒ်များကို ပိုမိုလွယ်ကူစွာ ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဗီယက်နမ်အာဏာပိုင်များအား တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အုန်းသီးအသင်းမှ တောင်းဆိုထားကြောင်း ဖော်ပြထားပါသည်။

 

 

Source: https://wtocenter.vn/

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: International News