International News

အမေရိကန်သမ္မတ ထရမ့်၏ အခွန်စည်းကြပ်မှုကြောင့် ဗီယက်နမ်သံမဏိကုမ္ပဏီများ၏ ဈေးကွက်တန်ဖိုးမှာ ဒေါ်လာ သန်း ၃၆၀ ကျော် ဆုံးရှုံးခဲ့ရ

Last Updated:

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်စည်းကြပ်ရန် ဆုံးဖြတ်ချက်များ၏ သက်ရောက်မှုကြောင့် ဗီယက်နမ် သံမဏိကုမ္ပဏီများ၏ ဈေးကွက်အရင်းအနှီးသည် ဖေဖော်ဝါရီ ၁၀ ရက်နေ့က ကျင်းပပြုလုပ်သည့် ကုန်သွယ်မှုအစည်းအဝေးတွင် သိသာထင်ရှားစွာ ကျဆင်း သွားကြောင်း သိရှိရပါသည်။

အမေရိကန်သို့ တင်ပို့သည့် အလူမီနီယမ်နှင့် သံမဏိ များ၏ သွင်းကုန်ခွန်ကို ၂၅ ရာခိုင်နှုန်း အလျင်အမြန် ချမှတ်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို ပျက်ပြားစေပြီး ပြည်တွင်း သံမဏိထုတ်လုပ်သည့် ကုမ္ပဏီများ၏ ရှယ်ယာများ သိသိသာသာကျဆင်းသွားစေခဲ့ပါသည်။

 ရလဒ်အနေဖြင့် အဓိကသံမဏိကုမ္ပဏီ ၆ ခုသည် ဈေးကွက်အရင်းအနှီးအတွက် ဗီယက်နမ် ဒေါင် ၉.၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၆၀.၂ သန်း) နီးပါး အရှုံးပေါ်ခဲ့ကြောင်း ဖော်ပြထားပါ သည်။

၎င်းတို့အနက်မှ Hoa Phat Group သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ၎င်း၏ ဈေးကွက် အရင်းအနှီး၏ ဗီယက်နမ်ဒေါင် ၈ ထရီလီယံ နီးပါး အကြီးမားဆုံး ဆုံးရှုံးနစ်နာခဲ့ကြောင်း၊ Hoa Sen Group က ဗီယက်နမ်ဒေါင် ၄၉၆.၈ ဘီလီယံ ဆုံးရှုံးခဲ့ကြောင်း ဖော်ပြထားပါသည်။ Hoa Phat Group ၏ ရှယ်ယာများသည် အင်္ဂါနေ့တွင် ၂၈ ရာခိုင်နှုန်းပြန်တက်လာပြီး Hoa Sen Group က ဆက်လက်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

ထရမ့်သည် သံမဏိအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယမ်အပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်ထားပြီး ကနေဒါ၊ မက္ကဆီကိုနှင့် ဘရားဇီးတို့ကဲ့သို့ အချို့သောကုန်သွယ်ဖက်နိုင်ငံများကို အခွန်ကင်းလွတ်ခွင့်များပေးခဲ့ကြောင်း၊ နောက်ပိုင်းတွင် ဗြိတိန်၊ ဂျပန်နှင့် ဥရောပသမဂ္ဂတို့အထိ ထပ်လောင်းအခွန်ကင်းလွတ်ခွင့်များပေးခဲ့သဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ထိလွယ်ရှလွယ် ဈေးကွက် ပတ်ဝန်းကျင်အပေါ် စိုးရိမ်ပူပန်မှုများ ရှိခဲ့ကြောင်းဖော်ပြထားပါသည်။

ထရမ့်အိမ်ဖြူတော်သို့ ပြန်လည်ရောက်ပြီးကတည်းက ကုန်သွယ်ရေးတင်းမာမှုများ ပြန်လည်မြင့်တက်လာပြီး ကမ္ဘာ့ကုန်သွယ်ရေးဆွေးနွေးမှုများတွင် အခွန်အခများသည် အဓိက အချက် ဖြစ်လာသည်။

သံမဏိနှင့်အလူမီနီယမ်တို့သည် အမေရိကန်နိုင်ငံသို့ တင်ပို့သည့် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းပို့ကုန် ၁၀ ခုတွင် မပါဝင်သော်လည်း အမေရိကန်သမ္မတ၏ ကြေညာချက်သည် ဘဏ္ဍာရေးဈေးကွက်၏ ထိလွယ်ရှလွယ်မှုနှင့် ဈေးကွက်အပေါ် သက်ရောက်မှုကို ပြသလျက် ရှိပါသည်။

အမှုဆောင်အရာရှိချုပ် Nguyễn Minh Tuấn သည် ထရမ့်၏ ဒုတိယသက်တမ်း အခွန် ကောက်ခံမှု မူဝါဒကို ၂၀၂၅ ခုနှစ်တွင် အဓိကအန္တရာယ်များထဲမှ တစ်ခုအဖြစ် ရှုမြင်ကြောင်း ဖော်ပြထားသည်။

AFA Capital မှ ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်အလားအလာမှာ ပြိုင်ဘက်များနှင့် အကောက်ခွန် ကွဲပြားမှုများကြောင့် အပြုသဘောဆောင်မည်ဟု ယုံကြည်ကြောင်း၊ ဗီယက်နမ် သည် အမေရိကန်သို့ တင်ပို့ကုန်များအတွက် တရုတ်နိုင်ငံမှ သွင်းကုန်များအပေါ် မှီခိုခြင်း မရှိသည့် အတွက် ကုန်သွယ်မှု အရွှေ့အပြောင်းများမှ အကျိုးအမြတ် ရရှိမည်ဟု မျှော်လင့် ရကြောင်း ဖော်ပြ ထားပါသည်။

သို့သော်လည်း အနုတ်လက္ခဏာဆောင်သောအချက်အနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်များသည် မြင့်မားသော အခွန်စည်းကြပ်မှုများကြောင့် ဆိုးရွားစွာ ထိခိုက်နိုင်ပြီး ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် စုစုပေါင်း ဝယ်လိုအား လျော့ကျသွားနိုင်ဖွယ်ရှိကြောင်း ဖော်ပြထား ပါသည်။

 

Source: Vietnam News

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: International News