၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃)ရက်နေ့တွင် တရုတ်အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)သည် ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ထုတ်လုပ်သူများ မှတ်ပုံ တင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ စည်းမျဉ်းများ (GAC Decree 248)၏ ပြင်ဆင်ချက်မူကြမ်းကို ထုတ်ပြန်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)သို့လည်း မူကြမ်းကို G/SPS/N/CHN/1324 ဖြင့် အသိပေးအကြောင်းကြားထားကြောင်း သိရှိရပါသည်။
တရုတ်နိုင်ငံသို့ တင်ပို့လိုသည့် ပြည်ပမှစားသောက်ကုန်ထုတ်လုပ်သူများအားလုံးသည် GACC ၌ မှတ်ပုံတင်ရန် လိုအပ်သည့် GACC Decree 248 ကို ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့ကြောင်း၊ သုံးနှစ်ကြာ အကောင်အထည်ဖော်ပြီးနောက် GACC သည် လက်တွေ့စိန်ခေါ်မှုများကို ဖြေရှင်းရန် နှင့် ပြည်ပမှထုတ်လုပ်သူများအတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်၏ ထိရောက်မှုကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါကြေညာချက်ကို ပြုပြင်ပြောင်းလဲရန်နှင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ရန် လိုအပ်သည့်အချက်များကို သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။
အထူးသဖြင့် မူကြမ်းတွင် ပြည်ပမှ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများ မှတ်ပုံတင် ခြင်းဆိုင်ရာစည်းမျဉ်းအသစ်ကို မိတ်ဆက်ထားကြောင်း၊ ထုတ်လုပ်သည့်စက်ရုံ၏ ပင်ရင်းနိုင်ငံ (ဒေသ)ရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များသည် GACC ထံမှ အသိအမှတ်ပြုမှုရယူရမည့်စနစ်ဖြစ် ကြောင်း သိရှိရသည်။
ဤစနစ်သစ်အရ အသိအမှတ်ပြုထားသည့်နိုင်ငံများ(ဒေသများ)မှ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့များသည် GACC သို့ ထုတ်လုပ်သူစာရင်းကို ထောက်ခံတင်ပြရမည်ဖြစ်ကာ ဤထောက်ခံ ချက်များကို လက်ခံရရှိပြီးနောက် GACC သည် ပေးပို့လာသောလုပ်ငန်းများကို မှတ်ပုံတင်မည် ဖြစ်ပြီး ၎င်းတို့အား တရားဝင်မှတ်ပုံတင်နံပါတ်များကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သူ သည် ၎င်းတို့၏ လျှောက်လွှာများကို တစ်ဦးချင်းစီ GACC သို့ တိုက်ရိုက် တင်သွင်းရန် မလိုအပ် ကြောင်း၊ သို့သော် အသိအမှတ်ပြုထားသောနိုင်ငံများမှ လုပ်ငန်းများသည် ၎င်းတို့၏အချက် အလက်များ (ဥပမာ လုပ်ငန်းအမည်၊ စက်ရုံလိပ်စာနှင့် ဆက်သွယ်ရန်အသေးစိတ်)ကို GACC သို့ တင်ပြသည့် စာရင်းတွင် ထည့်သွင်းဖော်ပြရန် ၎င်းတို့နိုင်ငံရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သိရှိရသည်။
ယခုအဆိုပြုထားသည့်နည်းလမ်းသည် GACC အမိန့် 248 အရ လက်ရှိဆောင်ရွက်နေမှုနှင့် သိသိသာသာ ကွာခြားကြောင်း၊ GACC အမိန့် 248 သည် တင်သွင်းလာသော စားသောက်ကုန်များ ကို ၎င်းတို့၏ အစားအစာဘေးကင်းလုံခြုံမှုအဆင့်အပေါ် အခြေခံ၍ “သီးသန့်သတ်မှတ်ထားသည့် အစားအစာများ”(ဥပမာ- နို့၊ အသား၊ ရေထွက်ပစ္စည်းများ [ပုံမှန်အားဖြင့် အန္တရာယ်များသောအစား အစာများအဖြစ် (high-risk foods) ဟု သိကြသော] နှင့် "အခြားအစားအစာများ" (ဥပမာ မုန့်နှင့် အဖျော်ယမကာ)ဟူ၍ မှတ်ပုံတင်ခြင်းကို လမ်းကြောင်းနှစ်မျိုးဖြင့် ကြီးကြပ်လျက်ရှိကြောင်း သိရှိ ရသည်။
သို့ရာတွင် အဆိုပြုမူကြမ်း၌ စားသောက်ကုန်ထုတ်လုပ်သည့်စက်ရုံ၏ ပင်ရင်းနိုင်ငံ(ဒေသ) ရှိ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များသည် GACC ၏ အသိအမှတ်ပြုမှုရှိမရှိအပေါ် မူတည်၍ အမျိုး အစားခွဲသည့်စနစ်တစ်ခုကို အဆိုပြုထားကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များ သည် တရုတ်နိုင်ငံသို့ အစားအစာတင်ပို့သည့်ကုမ္ပဏီများကို ကြီးကြပ်ကွပ်ကဲရန် ပို၍တာဝန်ယူ ရဖွယ်ရှိကြောင်း သိရှိရသည်။
အခြားတစ်ဘက်တွင် အဆိုပါမူကြမ်းသည် ၎င်းတို့၏သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များကို GACC မှ အသိအမှတ်မပြုထားသည့် လုပ်ငန်းများအတွက် စာရွက်စာတမ်းလိုအပ်ချက်များ ကိုလည်း သတ်မှတ်ဖော်ပြထားကြောင်း၊ ဤလုပ်ငန်းများသည် GACC တွင် ၎င်းတို့ကိုယ်တိုင် (သို့မဟုတ်) ကိုယ်စားလှယ်မှတစ်ဆင့် မှတ်ပုံတင်ရန် လျှောက်ထားရမည်ဖြစ်ကြောင်း၊ ပါဝင်သော အစားအသောက်အမျိုးအစားအလိုက် စာရွက်စာတမ်း လိုအပ်ချက် ကွဲပြားကြောင်း၊ အထူးသဖြင့် Catalogue of Foods that Require Official Recommendation Registration Letters (“Catalogue”) အောက်ရှိ သတ်မှတ်ထားသော အစားအစာများကို ထုတ်လုပ်သူများသည် ၎င်းတို့ ၏ ကျွမ်းကျင်သည့်အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော တရားဝင်စစ်ဆေးမှုအစီရင်ခံစာများနှင့် ထောက်ခံစာများကို တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် မူကြမ်းတွင် အစားအစာ Catalogue ကို မွမ်းမံပြင်ဆင်ရန် အဆိုပြုထားကြောင်း၊ Catalogue တွင် အစိုးရအသိအမှတ်ပြုမှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည့် အန္တရာယ်များသော အစားအစာအမျိုးအစား (၁၁)မျိုးကို ၎င်းတို့၏ သက်ဆိုင်ရာအန္တရာယ်ရှိမှု အကဲဖြတ်ချက်များနှင့် အတူ စာရင်းပြုစုထားကြောင်း၊ GACC အမိန့် 248 နှင့် နှိုင်းယှဉ်ပါက ကျန်းမာရေးအစားအစာများ (အာဟာရဖြည့်စွက်စာများအပါအဝင်)၊ ကိုယ်အလေးချိန်လျော့ချသည့်အထူးအစားအစာများ၊ လှော်ထားခြင်းမရှိသော ကော်ဖီစေ့များနှင့် ကိုကိုးစေ့များ၊ စားသုံးနိုင်သော အဆီများနှင့် ဆီများ စသည်တို့ အပါအဝင် အစားအသောက် (၈)မျိုးသည် လက်ရှိမှတ်ပုံတင်ခြင်း သတ်မှတ်ချက်များ ဆောင်ရွက်ရန် မလိုအပ်တော့ကြောင်း၊ ဥပမာအားဖြင့် ယခင်က ကျန်းမာရေးဆိုင်ရာ စားသောက် ကုန်ထုတ်လုပ်သူများသည် အစိုးရမှ သတ်မှတ်ထားသော မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် လိုအပ်ပြီး ရှည်လျားသော လုပ်ထုံးလုပ်နည်းများ ပါဝင်လေ့ရှိကြောင်း၊ ပြန်လည် ပြင်ဆင်ထားသည့် အဆိုပြုချက်အရ ကျန်းမာရေးဆိုင်ရာစားသောက်ကုန်ထုတ်လုပ်သူများသည် စက်ရုံမှတ်ပုံတင်ခြင်းများကို ၎င်းတို့ကိုယ်တိုင်လုပ်ဆောင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းစဉ်ကို များစွာ ရိုးရှင်းလွယ်ကူစေကာ စျေးကွက်ဝင်ရောက်မှုပိုမိုမြန်ဆန်စေပြီး ကုန်ကျစရိတ်များကို လျှော့ချပေး မည်ဖြစ်ကြောင်း၊ GACC ၏ ကြေငြာချက်အရ Catalog ကို လိုက်လျောညီထွေ ဖြစ်စေရန် ပြင်ဆင် ထားကြောင်း၊ အာဏာပိုင်အဖွဲ့များကို စားသောက်ကုန်လုပ်ငန်းအတွင်း တိုးတက်ပြောင်းလဲမှု များနှင့် လျင်မြန်စွာလိုက်လျောညီထွေဖြစ်စေရန် စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။
ထို့အပြင် တရားဝင်ကိုယ်စားလှယ်ပြောင်းလဲခြင်း (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ(ဒေသ)မှ ပေးအပ်သော မှတ်ပုံတင်နံပါတ် ပြောင်းလဲခြင်းကဲ့သို့သော အချို့သောအခြေအနေများတွင် ပြည်ပ မှ ထုတ်လုပ်သူများသည် မှတ်ပုံတင်ခြင်းအတွက် ပြန်လည်လျှောက်ထားရန် လိုအပ်ချက်များ မူကြမ်းတွင် မပါရှိတော့ကြောင်း၊ ယင်းအစား ထိုသို့သောပြောင်းလဲမှုများသည် လုပ်ငန်း၏ သန့်ရှင်းရေးနှင့် အစားအသောက်ဘေးကင်းလုံခြုံရေးအတွက် ထိန်းချုပ်မှုအပေါ် သိသာထင်ရှား သော အကျိုးသက်ရောက်မှုရှိသည့်အခါမှသာ မှတ်ပုံတင်ခြင်းအတွက် ပြန်လည်လျှောက်ထားရန် လိုအပ်ကြောင်း ဖော်ပြပါရှိသည်ဟု သိရှိရသည်။
အရေးကြီးသည့်အချက်မှာ ပြည်ပမှ ထုတ်လုပ်သူများသည် မှတ်ပုံတင်သက်တမ်းမကုန်ဆုံး မီ သုံးလမှ ခြောက်လအတွင်း ၎င်းတို့၏ သက်တမ်းတိုးလျှောက်လွှာတင်ရန် သတ်မှတ်ထားသည့် ပြဌာန်းချက်ကို မူကြမ်းတွင် GACC က ပယ်ဖျက်ထားကြောင်း၊ စာတိုက် (သို့မဟုတ်) အမြန်ချော ဖြင့်ပို့သော အစားအစာများ၊ နယ်စပ်ဖြတ်ကျော် e-commerce လက်လီရောင်းချသည့်အစားအစာ များ၊ ခရီးသွားများသယ်ဆောင်သည့် အစားအစာများနှင့် စားသောက်ကုန်နမူနာများ စသည်တို့ အပါအဝင် စက်ရုံမှတ်ပုံတင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားသော အစားအစာအမျိုးအစားများကို လည်း ရှင်းလင်းဖော်ပြထားကြောင်း၊ Decree No. 248 အရ တရုတ်နိုင်ငံသို့ food additive တင်ပို့ ရောင်းချသည့် လုပ်ငန်းရှင်များသည် စက်ရုံမှတ်ပုံတင်ရန် မလိုသည့်အချက်သည် ယခု မူကြမ်း တွင်လည်း အတူတူပင်ဖြစ်ကြောင်း သိရှိရသည်။
အားလုံးကို ခြုံငုံကြည့်ပါက အဆိုပြုထားသော အပြောင်းအလဲများသည် ပြည်ပမှ တင်သွင်း သည့် စားသောက်ကုန်ထုတ်လုပ်သူများ မှတ်ပုံတင်ခြင်းအတွက် စီမံခန့်ခွဲမှုလုပ်ထုံးလုပ်နည်း များကို ရိုးရှင်းစေပြီး အစားအစာဘေးကင်းရေး ကြီးကြပ်မှု အားကောင်းစေရန် တရုတ်နိုင်ငံ၏ ဆက်လက်ကြိုးပမ်းအားထုတ်မှုများကို အလေးပေးဖော်ပြထားကြောင်း၊ သို့သော် ထပ်မံရှင်းလင်း ရန် လိုအပ်သည့်ကိစ္စရပ်များလည်း ကျန်ရှိနေသေးကြောင်း၊ ဥပမာအားဖြင့် အသိအမှတ်ပြုမှုစနစ် သစ်ယန္တရားသည် GACC အမိန့် 248 အရ လက်ရှိမူဘောင်နှင့် မည်သို့ပေါင်းစပ်မည်ကို မရှင်းလင်း ကြောင်း၊ အဓိကမေးခွန်းတစ်ခုမှာ GACC တွင် မှတ်ပုံတင်ထားပြီးသော ကုမ္ပဏီများသည် အဆိုပြု ထားသည့်စနစ်သစ်အရ GACC သို့ ပေးပို့ရမည့် ခွင့်ပြုသည့်စာရင်းတွင် ထည့်သွင်းဖော်ပြပေးရန် အတွက် ၎င်းတို့၏ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေသေး ကြောင်း၊ ထိုသို့သော မရှင်းလင်းမှုများသည် လက်ရှိနှင့် အဆိုပြုထားသောစနစ်များအကြား အသွင် ကူးပြောင်းရာတွင် စီးပွားရေးလုပ်ငန်းများအတွက် စိန်ခေါ်မှုများကို ဖန်တီးပေးနိုင်ကြောင်း သိရှိရ သည်။
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)