International News

ယူအေအီးနိုင်ငံသားများအတွက် ဒူဘိုင်းခရီးသွားလုပ်ငန်းကောလိပ် နှင့် Marriott International ဟိုတယ်အုပ်စုတို့မှ ဧည့်ဝန်ဆောင်မှုအလုပ်သင်အစီအစဉ် ကိုစတင်အကောင်အထည်ဖော်

Last Updated:

ဒူဘိုင်းစီးပွားရေးနှင့်ခရီးသွားလုပ်ငန်းဌာန (DET) ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော ဒူဘိုင်းခရီးသွား လုပ်ငန်းကောလိပ် (DCT) သည် Marriott International ဟိုတယ်အုပ်စုနှင့်လက်တွဲပြီး ယူအေအီး နိုင်ငံသားများအတွက် ဧည့်ဝန်ဆောင်မှုအလုပ်သင်အစီအစဉ်သစ်တစ်ရပ်ကို စတင်အကောင်အထည် ဖော်ခဲ့ပါသည်။

အဆိုပါပဏာမခြေလှမ်းသည် ဒေသတွင်းစွမ်းရည်များကိုပြုစုပျိုးထောင်ရန်နှင့် ယူအေအီးနိုင်ငံ၏ ဧည့်ဝန်ဆောင်မှုကဏ္ဍကို အားကောင်းစေရန်အတွက်ရည်ရွယ်ပြီး ဒူဘိုင်းစီးပွားရေးအစီအစဉ် D33 ၏ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကဏ္ဍများသို့ ယူအေအီးနိုင်ငံသားများပေါင်းစည်းခြင်းပန်းတိုင်နှင့် လိုက်လျောညီထွေဖြစ်စေရန် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

ဧည့်ဝန်ဆောင်မှု ဒီပလိုမာ နှစ်နှစ်သင်တန်း - အဆိုပါအလုပ်သင်အစီအစဉ်သည် ၎င်း၏ပထမဆုံး သောသင်တန်းအား ၂၀၂၅ ခုနှစ်၊ မေလတွင် စတင်မည်ဖြစ်ပြီး DCT ၏ One Central ကျောင်းဝင်းအတွင်း ယူအေအီးနိုင်ငံသားကျောင်းသား ၄၀ တို့ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ သင်တန်းအစီအစဉ်တွင် ယူအေအီးနိုင်ငံ၊ ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော Level 4 ဒီပလိုမာဖြင့် ကျောင်းသားများအား ယူအေအီးနိုင်ငံရှိ Marriott ဟိုတယ်အုပ်စု၏ ဟိုတယ်များတွင် လက်တွေ့လေ့ကျင့်ရေးသင်တန်းနှင့် သီအိုရီဆိုင်ရာ သင်ယူမှုများကို ပေါင်းစပ်ထားပါသည်။ သင်တန်းသားများအနေဖြင့် ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းနှင့် အစား အစာနှင့်အဖျော်ယမကာစီမံခန့်ခွဲမှုသင်တန်းစသည့် အဓိကနယ်ပယ်များတွင် လက်တွေ့အတွေ့ အကြုံများကို ရရှိစေမည်ဖြစ်ပြီး ၎င်းတို့အားအနာဂတ်ခေါင်းဆောင်မှုအခန်းကဏ္ဍအတွက် လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

DCT မှဝန်ဆောင်မှုလုပ်ငန်းတွင်နိုင်ငံသားများပါဝင်စေရေးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သူ Mariam Sultan Al Maeeni က အဆိုပါပူးပေါင်းဆောင်ရွက်မှုသည် လုပ်ငန်းကျွမ်းကျင်ပညာရှင်များ၏ လမ်း ညွှန်မှုအောက်တွင် ယူအေအီးနိုင်ငံသားလူငယ်၊ လူရွယ်များအား မရှိမဖြစ်လိုအပ်သောစွမ်းရည်များ ကိုရရှိစေရန်အတွက် အရေးပါသောခြေလှမ်းတစ်ခုအဖြစ် အလေးပေးပြောကြားခဲ့ပါသည်။

 

Marriott International ဟိုတယ်အုပ်စု၏ လုပ်ငန်းလည်ပတ်မှုအရာရှိချုပ်ဖြစ်သူ Sandeep Walia ကအနာဂတ်အတွက်ဧည့်ဝတ်ကျေပွန်သည့် ဦးဆောင်သူများကိုပြုစုပျိုးထောင်ပေးပြီး ယူအေအီး နိုင်ငံ၏ရေရှည်တိုးတက်မှုအတွက် ပံ့ပိုးပေးမည့်ကုမ္ပဏီ၏ အပ်နှံမှုအပေါ်ထပ်မံအတည်ပြုပြောကြား ခဲ့ပါသည်။

Marriott International ဟိုတယ်အုပ်စု၏ ဒူဘိုင်းရှိ နိုင်ငံရှိ ပိုင်ဆိုင်မှုလုပ်ငန်းပေါင်း ၃၀ ကျော်အပါအဝင် ယူအေအီးနိုင်ငံရှိ ပိုင်ဆိုင်မှုလုပ်ငန်းပေါင်း ၄၀ ကျော်တို့သည် ယခုအစပျိုးမှုတွင် ပါဝင်ဆောင်ရွက်သွားကြမည်ဖြစ်ပြီး အဆိုပါဟိုတယ်အုပ်စုသည် သင်တန်းသားများဘွဲ့ရပြီးချိန်တွင် အချိန်ပြည့်တာဝန်များကို ပေးအပ်သွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် Marriott ဟိုတယ်အုပ်စု ၏ရေရှည်တည်တံ့ခိုင်မြဲမှုနှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုလမ်းကြောင်းတစ်ရပ်ဖြစ်သည့် ၃၆၀ ဒီကရီ ဝန်ဆောင်မှုပေးခြင်း - အရပ်မျက်နှာတိုင်းတွင် ကောင်းမွန်စွာဆောင်ရွက်ခြင်း (“Serve 360: Doing Good in every Direction”) ကိုပံ့ပိုးပေးခြင်း ဖြစ်ပြီး စွမ်းဆောင်နိုင်မှုနှင့်ရေရှည်တည် တံ့သော စီးပွားရေးအလေ့အကျင့်များကို မြှင့်တင်ပေးခြင်းလည်း ဖြစ်ပါသည်။

ဤသို့သောပူးပေါင်းဆောင်ရွက်မှုများသည် ကျွမ်းကျင်သောယူအေအီးနိုင်ငံသား လုပ်သားအင်အား များကိုမွေးမြူခြင်းဖြစ်ပြီး ဒူဘိုင်း၏အဆင့်အတန်းအား ကမ္ဘာလုံးဆိုင်ရာဧည့်ဝန်ဆောင်သည့်ခရီးစဉ် ဒေသတစ်ခုအဖြစ်မြှင့်တင်ရာတွင် အရေးပါသော လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source:                            Dubai Media Office

Date:                               4.3.2025

Nanda Soe Myint             Economic Counsellor (Dubai)

Category: International News